04 September 2010

၁၀၀% ရာနှုန်းပြည့်

ဧပြီလ၏ လင်းလင်းချင်းချင်းရှိပြီး ရာသီဥတုသာယာသော မနက်ခင်းတစ်ခု...
Harajukuရဲ့ နောက်ဘေးလမ်းကြားတစ်နေရာမှာ ကျွန်တော်ရဲ့ ၁၀၀% ရာနှုန်းပြည့် ကောင်မလေးနဲ့ ဆုံခဲ့ရသည်။
သတိထားမိလောက်အောင် ချောသောလှသော ကောင်မလေး မဟုတ်ပါ။ဝတ်ပုံစားပုံကလည်း သာမန်ကာလျှံကာ အဆင့်သာ ဖြစ်သည်။ဆံပင်နောက်ဖျားတွေကဆို အိပ်ယာထစ ခေါင်းမဖီးရသေးတဲ့ ပုံစံနဲ့ ကော့ပျံများတောင်နေရဲ့...အသက်အရလည်း ၃၀နားနီးနီး ရှိလောက်ရောပေါ့...။သို့သော် မီတာ၅၀လောက် အကွာကတည်းက ကျွန်တော် သေသေချာချာကို သိနေခဲ့သည်။သူမက ကျွန်တော်အတွက် ၁၀၀%...ရာခိုင်နှုန်းပြည့် ကောင်မလေး ဆိုတာကို...သူမ ပုံရိပ် အမြင်အာရုံထဲ ရောက်လာကတည်းက ရင်ဘတ်တွေ ကမောက်ကမ စည်းချက်နဲ့တုန်ခါ...ပါးစပ်ထဲမလဲ သဲကန္တာရလို ခြောက်ကပ်သွားခဲ့သည်။
ခင်ဗျားတို့မှာလည်း ကိုယ့်အကြိုက် ကောင်မလေး ပုံစံဆိုတာ ရှိမယ် ထင်ပါရဲ့။ဥပမာ ပေါင်တံရှည်ရှည်နဲ့ ကောင်မလေးတွေက မိုက်တယ်တို့...မိန်းကလေးဆို မျက်လုံးမျက်ဖန်လှတာလေးမှ ကြိုက်တာတို့....လက်လေးတွေလှတဲ့ ကောင်မလေး ဖြစ်ကိုဖြစ်ရမယ်တို့...ဘာရယ်မသိပေမဲ့ အချိန်ဆွဲပြီး အစားအသောက်စားတဲ့ ကောင်မလေးရဲ့ အဲဒီအပြုအမူလေးက ဆွဲဆောင်တာတို့...အဲလိုမျိုးတွေပေါ့... ကျွန်တော့မှာလည်း ကျွန်တော်အကြိုက် ပုံစံဆိုတာ ရှိပါသည်။စားသောက်ဆိုင်မှာ ဘေးနားက အမျိုးသမီးရဲ့ နှာတံလေးကို အကြာကြီး စိုက်ကြည့်မိတဲ့အခါမျိုး ရှိခဲ့ဖူးသည်။
သို့သော် ၁၀၀% ကောင်မလေးကို ကိုယ့်အကြိုက်နဲ့ ညီမညီ ကိုက်ကြည့်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။သူမရဲ့ နှာတံက ဘယ်လိုပုံစံဆိုတာတောင် ကျွန်တော်ဖြင့် ပြန်စဉ်းစားကြည့်လို့ မရပါ။မဟုတ်သေးဘူး....သူမ မျက်နှာမှာ နှာတံပါမပါတောင် ကျွန်တော် ပြန်စဉ်းစားလို့ မရတော့ဘူး။အခု ကျွန်တော် ပြန်စဉ်းစားလို့ မှတ်မိသမျှကတော့ သူမသည် အရမ်းကြီး လှပသော ကောင်မလေး မဟုတ်ဆိုသော အချက်သာဖြစ်၏။ကဲ...မထူးဆန်းပေဘူးလား။
"မနေ့က ငါ့အတွက် ရာနှုန်းပြည့် ကောင်မလေးကို သွားရင်းလာရင်း တွေ့ခဲ့ရတယ်" သူငယ်ချင်း တစ်ယောက်ကို ကျွန်တော် ပြောပြလိုက်သည်။
"အင်း...ခပ်မိုက်မိုက်လေးလား" သူငယ်ချင်းက မေးသည်။
"မဟုတ်ပါဘူးကွာ အဲ့လောက်ကြီး မဟုတ်ပါဘူး"
"ဒါဆို မင်းအကြိုက် ကောင်မလေး ပုံစံပေါ့"
"အဲဒါကို ပြန်စဉ်းစား မရ ဖြစ်နေတာကွ။ မျက်လုံးပြူးလား ၀ိုင်းလား...ဘယ်လို အဆက်အပေါက်....ဘာဆိုဘာမှကို မမှတ်မိဘူး"
"ထူးဆန်းပါ့ကွာ"
"အေးဟုတ်တယ် တမျိုးကြီးပဲ"
"အဲဒါနဲ့ မင်း ဘာဆက်လုပ်ခဲ့တုန်း"...စိတ်မပါလက်မပါနဲ့ သူငယ်ချင်းက စကားထောက်ပေးလေသည်။
"သူ့နောက် ခြေရာခံလိုက်ကြည့်တာတို့... စကားလေးဘာလေး ပြောကြည့်တာတို့..."
"ဘာမှ မလုပ်ခဲ့ဘူး....ဖြတ်သွားဖြတ်လာ ကြုံခဲ့ရုံလေးပဲ"

သူမက အရှေ့အရပ်ကနေ အနောက်အရပ်ကို....ကျွန်တော်က အနောက်အရပ်ကနေ အရှေ့အရပ်ကို ဦးတည်ပြီး လမ်းလျောက်နေခဲ့ကြသော စိတ်လက်ချမ်းသာစရာကောင်းသော ဧပြီလ၏ နံနက်ခင်းတစ်ခု ဖြစ်ပါသည်။

နာရီဝက်လောက်လေးပဲ ဖြစ်ဖြစ် သူမနဲ့ စကားပြောချင်လိုက်တာလို့ ကျွန်တော် စဉ်းစားမိသည်။သူမနဲ့ ပက်သက်တာများကို သိလိုပြီး ကျွန်တော်နဲ့ ပက်သက်သည်များကိုလည်း ဖွင့်ချပြချင်သည်။နောက်ပြီး အရေးအကြီးဆုံးကတော့ အခုလို ဧပြီလရဲ့ ရာသီဥတုသာယာသော မနက်ခင်းတစ်ခုမှာ ဖြတ်သွားဖြတ်လာရင်း ကျွန်တော်တို့ နှစ်ယောက်ကို ကြုံတွေ့စေခဲ့သည့် ကံတရားအကြောင်းကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေချင်ခဲ့သည်။နှစ်ယောက်သား ထိုကံတရား အကြောင်းတွေ ပြောရင်း နေ့လည်စာ အတူစား...ဒရမ်မာ ရုပ်ရှင်ကားကောင်း တစ်ကားကားကို ၀င်ကြည့်...ညနေစောင်းတော့ ဟိုတယ်တစ်ခုခုရဲ့ ဘားမှာ ကော့တေးဖြစ်ဖြစ် သောက်ကြ....ကံများကောင်းရင် သူမနဲ့ ထိုညကို အတူကုန်ဆုံးဖို့ အခွင့်အရေးတောင် ရနိုင်သည်။
ဖြစ်နိုင်ချေများစွာက ကျွန်တော့် စိတ်အာရုံကို တံခါးခေါက်နေကြသည်။ထိုတံခါးခေါက်သံများနှင့်အတူ နှလုံးသားက စည်းချက်မညီ ခုန်၏။
ကျွန်တော်နဲ့ သူမကြား အကွာအဝေးက ကျဉ်းသည်ထက်ကျဉ်းလာသည်။
ကဲ...ဘယ်လိုစပြီး သူမကို ချဉ်းကပ်စကားပြောရင် ကောင်းမလဲ။
"မင်္ဂလာပါ။နာရီဝက်လေးပဲ ဖြစ်ဖြစ် ကျွန်တော့် စကားကို နားထောင်ပေးပါလား"
ကြောင်လိုက်တာ။ကျန်းမာရေး အာမခံ အရောင်းသမားတွေ ချဉ်းကပ်နည်းမျိုးကြီး။
"တဆိတ်လောက်ဗျာ...ဒီနားမှာ ၂၄နာရီဖွင့်တဲ့ ပင်မင်းဆိုင်များ ရှိလားမသိဘူး"
ဒါလည်း ကြောင်လွန်းပါတယ်။ဘယ်နဲ့ လက်ထဲမှာတောင် အ၀တ်ထည့်တဲ့အိတ်လည်း ကိုင်မထား ဘာမထားနဲ့...
အမှန်အတိုင်း တိုက်ရိုက် ဖွင့်ချပြလိုက်ရရင်များ ကောင်းမလားပဲ။
"မင်္ဂလာပါ။ခင်ဗျားက ကျွန်တော့်အတွက် ၁၀၀% ရာနှုန်းပြည့် ကောင်မလေးပဲဗျ"
အခုလို အူကြောင်ကြောင် စကားကို သူမ မယုံမှာတော့ သေချာသလောက် ဖြစ်သည်။တကယ်လို့များ ယုံပေးတယ် ထားဦးတော့ ကျွန်တော်နဲ့ စကားမပြောချင်ပါဘူးဆိုတာမျိုးလည်း ရှိနိုင်သည်။
"ရှင့်အတွက် ကျွန်မက ၁၀၀% ကောင်မလေး ဖြစ်နေပေမဲ့ ကျွန်မအတွက် ရှင်ကတော့ ၁၀၀% ကောင်လေး မဟုတ်ဘူး" လို့ အပြောခံလိုက်ရတာမျိုးတောင် ဖြစ်နိုင်သည်။တကယ်လို့များ အဲလိုအဖြစ်နဲ့များ ကြုံလိုက်ရလို့ကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကျွန်တော်စိတ်တွေ ယောက်ယက်ခတ်သွားမှာ သေချာသည်။
ကျွန်တော် ၃၂နှစ်ပြည့်ခဲ့တာ မနှစ်က ဖြစ်သည်။အသက်ကြီးသွားတယ်ဆိုတာ အခုလိုဟာမျိုးပေါ့ဗျာ။
ပန်းဆိုင်ရှေ့တည့်တည့်လောက်မှာ သူမနဲ့ ကျွန်တော် တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားခဲ့ကြသည်။နွေးထွေး သေးငယ်သော လေထဲက အမှုန်လေးများ ကျွန်တော့် အသားကို ညင်ညင်သာသာ ထိတွေ့ဖြတ်ကျော်သွား သလို ခံစားရသည်။ရေဖြန်းထားသော ကတ္တရာလမ်းတလျောက်...နှင်းဆီပန့်နံ့တွေက ၀န်းကျင်ကို ထုံမွှမ်းထား၏။ကျွန်တော်... သူမကို စကားစဖို့တောင် မတတ်နိုင်ခဲ့ပါ။သူမ အဖြူရောင် ဆွယ်တာ ၀တ်ထားပြီး လက်ထဲမှာတော့ တံဆိပ်ခေါင်း မကပ်ရသေးသော အဖြူရောင် စာအိတ်တစ်လုံးကို ကိုင်ဆောင်လာသည်။သူမမျက်လုံးတွေက အရမ်းကို အိပ်ချင်နေသော လူတစ်ယောက်ရဲ့ မျက်လုံးတွေ...တစ်ယောက်ယောက်ဆီကို စာထည့်မလို့များလား။တစ်ညလုံး မအိပ်ပဲ ထိုစာကို ရေးခဲ့သည်လား မပြောတတ်။ထို လေးထောင့်စပ်စပ် စာအိတ်ဖြူထဲမှာ သူမနှင့်ပက်သက်သော လျို့ဝှက်ချက်အားလုံး ထည့်ထားတာလည်း ဖြစ်ချင်ဖြစ်နိုင်သည်။
သုံးလေးလှမ်း ရှေ့ဆက်လျောက်ပြီး နောက်ကို လည်ပြန်ကြည့်လိုက်တဲ့ အချိန်မှာတော့ လူလှိုင်းလုံးကြားထဲမှာ ပျေက်ကွယ်သွားသော သူမကို ရှာမတွေ့တော့ပါ။
အဲဒီတုန်းက သူမကို ဘယ်လို စကားစပြောသင့်တယ်ဆိုတာ အခုတော့ ကျွန်တော် ကောင်းကောင်းကြီး သိနားလည် သဘောပေါက်နေပြီ။ဒါပေမဲ့ တအားကို ရှည်လွန်းတဲ့ စကားတွေ ဖြစ်တာမို့ စကားပေါက်အောင် ပြောပြနိုင်ခဲ့လိမ့်မယ်လို့တော့ မထင်ဘူး။
ဒီလိုပဲ...၃၂ရှိလာပြီဖြစ်တဲ့ ကျွန်တော် စဉ်းစားတာတွေက ဘယ်တော့မဆို လက်တွေ့မဆန်ဘူး။
ထားပါဗျာ။
ကျွန်တော် ပြောမယ်လို့ စဉ်းစားမိတဲ့ စကားအရှည်ကြီးက "ဟိုးရှေးရှေးတုန်းက" ဆိုတဲ့ စကားလုံးနဲ့ စပြီး..."၀မ်းနည်းစရာ ဇာတ်လမ်းလို့ မထင်ဘူးလား"ဆိုတဲ့ မေးခွန်းနဲ့ အဆုံးသတ်၏။


ဟိုးရှေးရှေးတုန်းက မြို့ကလေးတစ်မြို့မှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် ရှိခဲ့သည်။ကောင်လေးက ၁၈နှစ်... ကောင်မလေးကတော့ ၁၆နှစ်။ပြောရလောက်အောင် ယောက်ျားပီသ ခန့်ညားတဲ့ ကောင်လေးမဟုတ်သလို ကောင်မလေးကလည်း ပြောရလောက်အောင် ချောမောလှပမနေပါ။ဘယ်အရပ်ဒေသမှာမဆို ရှိနိုင်တဲ့ အထီးကျန်နေသော သာမာန် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်သာ ဖြစ်သည်။ သူတို့မှာ တူညီတဲ့ အချက် တခုရှိလေသည်။ဟောဒီ လောကကြီးရဲ့ တနေရာရာမှာတော့ ကိုယ့်အတွက် ၁၀၀% ရာနှုန်းပြည့် ကွက်တိအံကိုက် ဖြစ်မဲ့ ကောင်လေးနဲ့ ကောင်မလေး ရှိကိုရှိတယ်လို့ အခိုင်အမာ ယုံကြည်နေကြသူများ ဖြစ်သည်။

တနေ့မှတော့ မြို့ကလေးရဲ့ တနေရာမှာ ကောင်လေးနဲ့ ကောင်မလေး တိုက်တိုက်ဆိုင်ဆိုင်ကို ကြုံကြိုက်တွေ့ဆုံခဲ့ကြသည်။
"အံ့သြောစရာပဲဗျာ။ကိုယ်... မင်းကို တောက်လျောက် ရှာဖွေနေခဲ့တာ။ယုံမလား မပြောတတ်ပေမဲ့ မင်းက ကိုယ့်အတွက် ၁၀၀% ရာနှုန်းပြည့် ကောင်မလေးပဲ"လို့ ကောင်လေးက ကောင်မလေးကို ပြောသည်။
ကောင်မလေးကလည်း ကောင်လေးကို ပြန်ပြောသည်။
"ရှင် မှ ရှင်ပါပဲ။ကျမအတွက် ၁၀၀% ရာနှုန်းပြည့် ကောင်လေးကလည်း ရှင် ပါပဲ။အစစ ကျမ စိတ်ကူးယဉ်ထားခဲ့တဲ့ အတိုင်းပဲ။အိမ်မက်မက်နေတဲ့ အတိုင်းပါပဲရှင်"
ပန်းခြံထဲက ထိုင်ခုံမှာထိုင်ရင်း ပြောမဆုံးနိုင်အောင် သူအကြောင်း ကိုယ့်အကြောင်းများကို အပြန်အလှန် ပြောကြသည်။ငြီးငွေ့ ပျင်းရိလာခြင်းလည်းမရှိ။အထီးကျန်ခြင်းဆိုတာလည်း သူတို့နှင့် မဆိုင်တော့ပါ။တဖက်လူကို ရာနှုန်းပြည့် တောင့်တလိုအပ်နေပြီး တဖက်လူကလည်း ကိုယ့်ကို ရာနှုန်းပြည့် တောင့်တလိုအပ်နေခြင်း...ကြည်နူးပျော်ရွှင်စရာ ကောင်းလိုက်မဲ့ဖြစ်ခြင်း
ဒါပေမဲ့...သူတို့ ၂ယောက်ရဲ့ နှလုံးသားတွေထဲကို သေးသေးဆိုမှ တကယ့်ကို သေးငယ်လွန်းတဲ့ သံသယလေးတခု ၀င်ရောက်လာသည်။ဒီလောက် လွယ်လွယ်ကူကူနဲ့ ကိုယ်တွေရဲ့ အိမ်မက်က လက်တွေ့ဖြစ်လာတာ ဟုတ်ကော ဟုတ်သေးရဲ့လားလို့...
အဲလို ၂ယောက်လုံး တွေးမိလိုက်တဲ့အချိန်မှာ ပြောလက်စ စကားများ ခေတ္တရပ်သွားသည်။ကောင်လေးက ပြောသည်။
"တခါတည်း ဖြစ်ဖြစ် စမ်းသပ်ကြည့်ကြရအောင်... ကိုယ်တို့ ၂ယောက်က တကယ့်ကို တစ်ယောက် တစ်ယောက်ရဲ့ ၁၀၀% ရာနှုန်းပြည့် ချစ်သူတွေဆိုရင် တနေ့နေ့ တနေရာရာမှာ သေချာပေါက်ကို ပြန်ဆုံကြမှာ သေချာတယ်။အဲလို ဒုတိယအကြိမ် ပြန်တွေ့ကြတဲ့အခါမှာလည်း ၁၀၀% ရာနှုန်းပြည့် ချစ်သူတွေလို့ ခံစားလက်ခံလို့ ရနိုင်သေးတယ်ဆိုရင် အဲဒီနေ့ အဲဒီနေရာမှာ ချက်ချင်း လက်ထပ်ကြမယ်။ ကောင်းတယ်မလား"
"ကောင်းတယ်။ကောင်းတယ်"
ကောင်မလေးကလည်း လက်ခံလိုက်သည်။
ဒီလိုနဲ့ပဲ ၂ယောက်သား အဲဒီနေ့မှာပဲ လမ်းခွဲလိုက်ကြသည်။
တကယ်ကတော့ စမ်းသပ်ကြည့်စရာ လိုကိုမလိုသော သေချာမှု တစ်ခုဖြစ်သည်။ဘာလို့လဲဆိုတော့ သူတို့တွေက တကယ့်ကို ကံအကြောင်းဖက်ထားတဲ့ ၁၀၀% ရာနှုန်းပြည့် ချစ်သူတွေ ဖြစ်ကြလို့ပါပဲ။ဒါပေမဲ့ ထုံးစံအတိုင်း ကံတရား လှိုင်းတံပိုးတွေက သူတို့ကို ကွဲကွာသွားစေခဲ့သည်။
တခုသော ဆောင်းတွင်းမှာ ကောင်လေးရော ကောင်မလေးရော ထိုနှစ်မှာ လူတော်တော်များများမှာ ဖြစ်တဲ့ တုတ်ကွေးရောဂါရပြီး သေခြင်းနဲ့ ရှင်ခြင်းကြားက တံခါးရွက်ကို အခေါက်ခေါက် ဖြတ်သန်းကြပြီး နောက်ဆုံးမတော့ ပိုင်ဆိုင်ဖူးသော မှတ်ဥဏ်များ အမှတ်တရများ အားလုံး ပျောက်ဆုံး သွားခဲ့ကြသည်။သူတို့တွေ ရှင်ခြင်းကမ္ဘာခြမ်းမှာ မျက်စိဖွင့်လိုက်နိုင်တဲ့အချိန် သူတို့ ဦးနှောက်တွေက ဘာနဲ့တူလဲဆိုတော့ ငယ်ငယ်က ပထမဆုံးရတဲ့ စုဗူးလိုပဲ။ဘာဆိုဘာမှ မရှိတဲ့ ဟာလာဟင်းလင်း လေဟာနယ် တစ်ခုသာ။
ဒါပေမဲ့ လွယ်လွယ်နဲ့ အရှုံးမပေးတတ်သော ဇွဲကောင်းသော ကောင်လေးနဲ့ ကောင်မလေးဖြစ်သည်။ထို ဟာလာဟင်းလင်း လေဟာနယ်ထဲကို အသစ်အသစ်သော အသိဥဏ်များ အသိတရားများဖြည့်ဆည်းပြီး လူ့လောကမှာ ကျင်လည်လာနိုင်ခဲ့ကြသည်။မြို့ပတ်ရထားကိုလည်း စီးနိုင်လာပြီး စာတိုက်မှာ အမြန်ချောပို့ထည့်တာမျိုးလည်း လုပ်နိုင်လာကြသည်။နောက်ပြီး ၇၅% ရှိသော ချစ်ခြင်း...၈၅%ရှိသော ချစ်ခြင်းများကိုလည်း တွေ့ကြုံခံစားဖူးခဲ့ကြလေသည်။
ကောင်လေးက ၃၂နှစ်ဆိုတဲ့ အရွယ်ကို ရောက်လာပြီး ကောင်မလေးက ၃၀ဆိုတဲ့ အရွယ်ကို ရောက်လာကြပြီ။အချိန်များက အံ့သြောစရာ ကောင်းသော အမြန်နှုန်းဖြင့် ဖြတ်သန်းကြ၏။
တခုသော ဧပြီလရဲ့ လင်းလင်းခြင်းခြင်းရှိပြီး ရာသီဥတု သာယာသော မနက်ခင်းတစ်ခု...Harajukuရဲ့ နောက်ဘေးလမ်းကြား တစ်နေရာမှာ မနက်စာ ကော်ဖီသောက်ဖို့ ကောင်လေးက အနောက်အရပ်ကနေ အရှေ့အရပ်ကို ဦးတည်လမ်းလျောက်နေသည်။အဲဒီအချိန်မှာပဲ အမြန်ချောပို့အတွက် တံဆိပ်ခေါင်းဝယ်ဖို့ ထိုလမ်းကြားထဲမှာပဲ ကောင်မလေးက အရှေ့အရပ်ကနေ အနောက်အရပ်ကို ဦးတည်လမ်းလျောက်နေလေသည်။လမ်းကြားလေးရဲ့ အလယ်တည့်တည့်မှာ တစ်ယောက်ကို တစ်ယောက် ဖြတ်ကျော်သွားကြသည်။ပျောက်သွားတဲ့ မှတ်ဥဏ်တွေထဲက အလင်းရောင် မှိန်မှိန်လေးက သူတို့နှစ်ယောက်ရဲ့ နှလုံးသားများကို ဖျတ်ခနဲ လင်းသွားစေခဲ့သည်။
သူမက ငါ့အတွက် ၁၀၀% ရာနှုန်းပြည့် ကောင်မလေးပါလား...
သူက ငါ့အတွက် ၁၀၀% ရာနှုန်းပြည့် ကောင်လေးပဲ...
ဒါပေမဲ့ သူတို့တွေရဲ့ မှတ်ဥဏ် အလင်းရောင်လေးက အလွန်တရာမှ အားနည်းလွန်းနေပြီး သူတို့တွေရဲ့ စကားတွေကလည်း လွန်ခဲ့တဲ့ ၁၄နှစ်တုန်းကလို ကြည်စင်မနေတော့ပါ။ဒီလိုနဲ့ နှစ်ယောက်သား စကားတစ်လုံးမှ မပြောဖြစ်ပဲ ဖြတ်ကျော်...အဲဒီအတိုင်းပဲ လူအုပ်ထဲ တိုးဝင်ပျောက်ကွယ်သွားကြသည်။
"၀မ်းနည်းစရာ ဇာတ်လမ်းလို့ မထင်ဘူးလားဗျာ"


ကျွန်တော် သူမကို အဲလို စကားစပြောခဲ့သင့်လေသည်။
................................................................................................................................................
Murakami Haruki၏ ၀တ္ထုကို ဘာသာပြန်ပါသည်။

06 April 2010

လက်ဆောင်ရတဲ့ ကျောပိုးအိတ်

ကလေးဆိုတာ ဘယ်လောက်ထိ သိတတ်နားလည်နေတာမျိုးပါလိမ့်။ဘာမှ မသိနားမလည်တဲ့ မျက်နှာလေးတွေနဲ့ ...ဒါပေမဲ့ ကိစ္စအတော်များများကို နားလည်နေတတ်ကြတာမျိုး ဖြစ်သည်။
ဘာပဲပြောပြော ကျမတုန်းကတော့ အသေအချာကြီး နားလည်နေခဲ့သည်။ကျမ မူကြိုကလေးဘ၀တုန်းက တကယ့်ကို ဘာမှမလုပ်တတ်တဲ့ ကလေးဖြစ်ပြီး စာမဖတ်တတ်တဲ့အပြင် ကတ်ကြေးကို ဘယ်လိုသုံးရမယ်လည်း မသိခဲ့ပါ။တခုခု အကြောင်း စကားလာပြောလည်း မဖြေတတ်တဲ့အပြင် တနေရာရာက နာနေရင်တောင် နာနေတဲ့အကြောင်း မပြောနိုင်ခဲ့ပါ။ရှုရှုးပေါက်ချင်တယ်ဆိုတဲ့ စကားတခွန်းကို မပြောနိုင်တော့ အောင့်မထားနိုင်တဲ့အဆုံး ဘောင်းဘီထဲ ပေါက်ချတတ်သည့် ကလေး။ဒါနဲ့ အတန်းရှေ့က လူသွားလမ်းထောင့်ကိုသွားပြီး ဆရာမက ဘောင်းဘီအမြဲလဲပေးခဲ့ရတဲ့ ကလေး...စိုနေတဲ့ ဘောင်းဘီထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကို အိမ်အမြဲယူလာတတ်ခဲ့တဲ့ ကလေး...
တခြားကလေးတွေ လုပ်နိုင်တဲ့ ကိစ္စတွေကို ဘာလို့ရယ် မသိပေမဲ့ ကိုယ်ကတော့ မလုပ်နိုင်ဘူးဆိုတာ ကျမ နားလည်နေခဲ့သည်။စကားလာပြောလည်း နှုတ်ဆိတ်နေတတ်လို့ စကားလာပြောတဲ့သူ ဘာလုပ်ရမယ် မသိဖြစ်သွားတာ၊ နောက်စကားလာပြောတော့မှာ မဟုတ်တာကို ကျမ နားလည်နေခဲ့သည်။ထိန်းရကျောင်းရတာ ကသီတဲ့ကလေးလို့ ဆရာမတွေ ထင်နေတာကိုလည်း နားလည်နေခဲ့သည်။မူကြိုကျောင်းမှာ အပိုထားတဲ့ လဲစရာ ဘောင်းဘီတွေကို ကျမ အပြင် တခြားသူတွေ သိပ်မသုံး ဆိုတာကို နားလည်နေခဲ့သလို ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ပေးလိုက်တဲ့ သေးစို ဘောင်းဘီရဲ့ စိတ်ပျက်စရာကောင်းခြင်းကိုလည်း နားလည်နေခဲ့သည်။
အားလုံးကို နားလည်နေခဲ့တော့ ကိုယ့်ကိုကိုယ် စိတ်ကုန်လာသည်။မူကြိုကလေး တစ်ယောက် ကိုယ့်ကိုကိုယ် စိတ်ကုန်တာများ ကြီးကြီးကျယ်ကျယ် မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ကြပေမဲ့ လောကကျဉ်းလေ စိတ်ကုန်ခြင်း၏ အရောင်က ထူပိန်းလေ ဖြစ်၏။ကိုယ့်အတွက်နေရာဆိုတာကို မရှာနိုင်သေးတဲ့ အရွယ်မလား။
လူကြီးစကားနဲ့ ပြောရမယ်ဆိုရင် ငါတော့ တောက်လျောက်ဒီလိုကြီး ဖြစ်နေတော့မှာ သေချာပေါက်ပဲ ဆိုတာကို ကျမ ငူငူငေါင်ငေါင်နဲ့ တွေးနေခဲ့သည်။ဘယ်သူနဲ့မှလည်း စကားစမြည် ကောင်းကောင်းမပြောတတ်...ဆိုတော့ သူငယ်ချင်းလည်း မရှိ၊အရွယ်တူတွေ အားလုံး လုပ်နိုင်လုပ်တတ်တဲ့ ကိစ္စတွေကို မလုပ်တတ်တော့ အသုံးမကျ၊ ဆရာမတွေ မိဘတွေကို ဒုက္ခရောက်စေတဲ့ကလေး...စဉ်းစားလိုက်ရင် စိတ်ချမ်းသာစရာရယ်လို့ သိပ်မရှိလှ။ဒီအနေအထားနဲ့ ဒီနေရာကြီးမှာ ဆက်လက်ရှင်သန်ရမှာပါလား..မကြိုက်ပေမဲ့ ဘာမှလည်း လုပ်လို့မရပါလား... လူကြီးတွေလို စကားလုံးတွေ မရှိသေးတော့ မူကြိုကျောင်းသူ ကျမ ငေါင်တောင်တောင်နဲ့ စိတ်လေးလံကျဉ်းကျပ်ခဲ့ ရသည်။
ဒီကျောင်းကနေ ထွက်သွားတော့ရော လောကကြီးက ဘယ်လောက်မှ မပြောင်းလဲနိုင်ဘူးဆိုတာ သိထားတော့ မူကြိုကျောင်းဆင်းကပွဲမှာလည်း လန်းဆန်းပျော်ရွှင် မနေခဲ့ပါ။သာမန်ထက် နည်းနည်းကောင်းတဲ့ အ၀တ်အစားတွေ ၀တ်...အတန်းရဲ့ နောက်မှာကပ်လိုက်လို့ သူများတွေ လှုပ်ရင်လိုက်လှုပ်နဲ့...ပုံမှန်နှင့် လုံးဝမတူသော နေ့တနေ့က ဘာရယ်မဟုတ် ကုန်ဆုံးသွားခဲ့သည်။
လေအေးလက်ကျန်တွေ ရှိနေသေးတဲ့ နွေဦးစောစောမှာ မူကြိုကျောင်းသူလည်း မဟုတ်တော့သလို မူလတန်းကျောင်းသူလည်း မဟုတ်သေးသော ကျမဆီကို ပစ္စည်းပေါင်းစုံက တခုပြီးတခု ရောက်လာသည်။စာကြည့်စားပွဲ၊အသစ်ချပ်ချွတ် အားကစား ၀တ်စုံ၊အားကစားဖိနပ်၊ဖတ်စာစာအုပ်၊မှတ်စုစာအုပ်၊ကွန်ပါဗူး၊စုတ်တံ...အဲဒါတွေ အားလုံးမှာ မေမေက နာမည်ထိုးပေးခဲ့သည်။
မူလတန်းကျောင်းသူဆိုတာ ပိုင်ဆိုင်တဲ့ ပစ္စည်းတော်တော်များတာပဲလို့ အံ့သြောခဲ့ရသည်။ဒါတွေအားလုံး ကျမပစ္စည်းတွေ ဖြစ်လာမှာပါလားလို့ ကလေးခန်းထဲမှာ ပျံ့ကျဲနေတဲ့ အသစ်ချပ်ချွတ် ပစ္စည်းတွေကို ကြည့်ရင်း ကျမတွေးနေမိသည်။ဒါပေမဲ့ စိတ်ရွှင်လန်းခြင်းတော့ ဖြစ်မလာပဲ စိတ်သာပိုလေးလံလာရသည်။
ညစ်ပတ်သွားရင် ဘယ်လိုလုပ်ရပါ့...
မေ့ကျန်ခဲ့ရင် ဘယ်လိုလုပ်ရပါ့...
ပျောက်သွားရင် ဘယ်လိုလုပ်ရပါ့...
ခုစိုးရိမ်နေတဲ့ ကိစ္စတွေကို ကျမလုပ်ဖြစ်အောင် လုပ်မိမှာကလည်း အသေအချာ...ညစ်ပတ်အောင်ကိုင်...မေ့ပြစ်ခဲ့ နောက်ဆုံးမတော့ ဖျောက်ပြစ်ခဲ့မှာ...ကျမနာမည် ရေးထိုးထားတဲ့ ဟောဒီပစ္စည်း အသစ်ချပ်ချွတ်တွေအားလုံး...တခု ပြီး တခု လောကကြီးထောင့်တနေရာကို ပြုတ်ကျ...ထာဝရ ပြန်လာတော့မည် မဟုတ်...
တနေ့မတော့ ကတ်ထူးပုံးအကြီးကြီး တစ်ပုံးရောက်လာခဲ့သည်။သေသေချာချာ ထုတ်ပိုးထားပြီး ဖဲပြားလေးကပ် ထားသည့် ပုံးကြီး...။ဖွားဖွားပို့လိုက်တာလို့ မေမေက ပြောပြခဲ့သည်။
နည်းနည်းတောင် အသားကျလာပြီ ဖြစ်တဲ့ စိတ်လေးလေးကြီးနဲ့ပဲ ထုတ်ထားတဲ့ စက္ကူတွေကို ဖြဲလိုက်သည်။ညစ်ပတ်သွားလေမလား...မေ့ကျန်ခဲ့လေမလား...ပျောက်သွားမလား...စိုးရိမ်ရတဲ့ ပိုင်ဆိုင်မှု တစ်ခုထွက်လာမှာ အပြင် တခြားမဖြစ်နိုင်
ထွက်လာသည်က ကျောပိုးအိတ်တစ်လုံး...အနီရောင် လက်လက်ထနေခဲ့သည်။မတရားကြီး ကြီးနေတယ်လို့လည်း ထင်မြင်ခဲ့သည်။ခန်ဓါကိုယ်ကို ခေါက်ခနဲများ ချိုးနိုင်တယ်ဆိုရင် ကျမကိုယ်တိုင်ကိုတောင် ထည့်နိုင်လောက်မယ် ထင်ရဲ့...။အောက်ပိုင်းမှာ အဖွင့်အပိတ် သံခလုတ်လေးပါပြီး ဖွင့်လိုက်တော့ အသစ်ချပ်ချွတ်ခလုပ်တွေဖွင့်ရင် ကြားရလေ့ရှိတဲ့ အသံလေး သာသာယာယာထွက်လာသည်။ကျောပိုးအိတ်အဖုံးကို ဖွင့်ပြီး အထဲကို ချောင်းကြည့်လိုက်သည်။အသားရောင် လေဟာနယ်တခုရှိနေခဲ့သည်။ခေါင်းတိုးဝင်လိုက်တော့ ထူးဆန်းသော အနံ့တစ်ခုကို ရလိုက်သည်။ဆိုးဝါးတဲ့ အနံ့မဟုတ်ပေမဲ့ ထူးထူးခြားခြား မွှေးနေသော အနံ့လည်း မဟုတ်ပြန်။ဆွတ်ပျံ့ လွမ်းဆွတ်စရာကောင်းတဲ့ အနံ့တစ်ခု...။လူကြီးစကားနဲ့ ပြောရမယ်ဆို သားရည်နံ့ပေမဲ့ တခါမှ အဲလို အနံ့မရဖူးတဲ့ ကျမအဖို့တော့ အနာဂါတ်ရဲ့ အနံ့လို့ ထင်ခဲ့ရသည်။
ဒူးတုတ်ထိုင်ချလိုက်ပြီး ပေါင်ပေါ်မှာ ကျောပိုးအိတ်ကို တင်ပြီး ထုံးစံအတိုင်း ငူငူငေါင်ငေါင်နဲ့ ဘာမှမရှိတဲ့ ကျောပိုးအိတ် အလွတ်ကို ထိုင်ကြည့်နေခဲ့သည်။လေးထောင့်စပ်စပ် လေဟာနယ်အလွတ်တစ်ခု...အဲဒါက တအားကို ကြီးလွန်းနေပြီး ဘာမဆို ထည့်လို့ရမယ် ၀င်သွားလိမ့်မယ်လို့ ထင်ခဲ့သည်။ဒါကို ကျောပိုးပြီး နေ့တိုင်း ကျောင်းသွား ရမယ်ပေါ့...။ဒီလောက်ထိ ကြီးနေမှတော့ မပျောက်နိုင်ဘူး ထင်ပါရဲ့...
ကျမ ရုတ်တရက် စိတ်ကူးရပြီး အဲဒီတုန်းက အရမ်းတန်ဘိုးထားတဲ့ အရုပ်ကလေး "လုလု"ကို ကျောပိုးအိတ်ထဲ ထည့်ကြည့်သည်။ဝင်သွားတဲ့ အပြင် အချောင်ကြီး ရှိနေသေးသည်။ကျမကြိုက်တဲ့ ရုပ်ပုံစာအုပ်ကို ထည့်ကြည့်သည်။ မူကြိုကျောင်းတုန်းက သုံးခဲ့တဲ့ ရောင်စုံခဲတံဘူး ထည့်ကြည့်သည်။မီးဖိုချောင်ထဲ ပြေးသွားပြီး ကာတွန်းပုံ စတစ်ကာ ကပ်ထားတဲ့ ရေဗူးကို ယူလာထည့်ကြည့်သည်။ဘာမဆို အကုန်ဝင်သွားတော့တာပဲ။ပင်လယ်သွားတုန်းက ကောက်လာခဲ့တဲ့ ကျောက်တုံးချောချောလေးတွေ၊ကျမကြိုက်တဲ့ ချောကလက်၊ကျမအကြိုက် ကာတွန်းဇာတ်ကောင်ပုံပါတဲ့ တိုလီမိုလီ ထည့်စရာအိတ်လေး၊စနူပီပုံပါတဲ့ လက်ကိုင်ပ၀ါ...နောက်နှစ်ဆို မတော်တော့ဘူးလို့ မေမေပြောခဲ့တဲ့ ရေကူးဝတ်စုံ ဖိနပ်စင်မှာ မမြင်ရရင် မနေနိုင်တဲ့ ဘော်လုံးပြောက်လေးတွေ ပါတဲ့ ဖိနပ်အနီကလေး...အားလုံး...အားလုံး...၀င်သွားသည်။
"ဟဲ့ သြော်...ဒီကလေးနှယ်...အိမ်ကထွက်ပြေးဖို့ အိတ်မဟုတ်ဘူးလေ သမီးရဲ့"
ကျောပိုးအိတ်ထဲကို ပစ္စည်း ပစ္စယတွေအားလုံး သွတ်ထည့်နေတဲ့ ကျမကို မေမေ သတိထားမိသွားပြီး အသံထွက်အောင်ကို ရယ်တော့သည်။အဲလောက်တော့လည်း ကျမသိပါသည်။မူလတန်းကျောင်းဆိုတာ ဘယ်လိုနေရာမှန်း မသိရင်သာ ရှိမယ်.."လုလု" တို့...ကျောက်တုံးပြောင်ပြောင်လေးတွေတို့ကို ယူသွားရမဲ့ နေရာ မဟုတ်ဘူး ဆိုတာလောက်တော့ ကျမလည်း သိပါသည်။ဒါပေမဲ့...ဒါပေမဲ့လည်း မေမေ...အဆင်ပြေလိမ့်မယ်လို့ သမီး နည်းနည်းမျှော်လင့်ရဲလာပြီ။ဟောဒီအိတ်ထဲကို ဘာကိုမဆို ထည့်လို့ဆန့် ၀င်တာကိုး မေမေရဲ့...
မူလတန်းကျောင်းဆိုတာ စိတ်ကုန်စရာ ကောင်းတဲ့နေရာကြီး ဖြစ်နေဦးတော့...အဲ့မှာကိုယ့်ကိုကိုယ် စိတ်ကုန်ပြန်ဦးတော့ ကျောပိုးအိတ်ထဲကို ကြိုက်တဲ့ပစ္စည်းတွေ အားလုံးသိပ်ထည့်ပြီး အဲဒီနေရာကနေ ထွက်ပြေးမယ်လို့...လက်ကိုင်ပ၀ါ၊ရေဗူးတွေ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ ကျောပိုးအိတ်ကို ငုံ့ကြည့်ရင်း ကျမ အဲလို အကြံရသွားသည်။တနေရာရာ စိတ်ကုန်စရာ မကောင်းတဲ့နေရာကို ရှာဖို့ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ အားလုံးထည့်လို့ တစ်ယောက်တည်း ထွက်ပြေးမှာပေါ့..။ဟုတ်ပြီ...ဟုတ်ပြီ...အဲလို လုပ်မှာပေါ့...ဘာများခက်တာ လိုက်လို့...
ကျမ ပိုင်ဆိုင်သမျှပစ္စည်းတွေဆိုတာ...လက်ကိုင်ပ၀ါတို့...အရုပ်ကလေး "လုလု"တို့...ရေဗူးတို့...ချောကလက်တို့ ကျောက်တုံးပြောင်ပြောင်လေးတွေတို့...မိသားစု ဓါတ်ပုံတို့...အဲဒါတွေပေါ့...။အဲဒါတွေနဲ့တင် အသက်ဆက်ရှင်နိုင် တယ်လို့ ကျမ ထင်နေခဲ့သည်။တနေရာရာမှာ တစ်ယောက်တည်း လူကြီးဖြစ်တဲ့ထိ အဲဒီ ပစ္စည်းတွေနဲ့တင် ဆက်လက် ရှင်သန်နိုင်တယ်လို့...
ပိုင်ဆိုင်သမျှ ပစ္စည်းတွေ အားလုံးထည့်ထားတဲ့ ကျောပိုးအိတ်ကို အဖုံးပိတ်လိုက်သည်။ထို့နောက် ကွင်းထဲကို လက်လျိုပခုံးနှစ်ဘက်မှာ လွယ်ပြီး မတ်တပ်ရပ်လိုက်၏။ကျောပိုးထားရတဲ့ ပိုင်ဆိုင်မှုတွေက လေးလွန်းလို့ အနောက်ကို လန်တန်လန်တန်နဲ့ ဖြစ်နေတဲ့ ကျမကို ကြည့်ပြီး မေမေက ရယ်နေခဲ့သည်။
အဲဒီည ဖေဖေပြန်လာတော့လည်း ကျမကို ကျောပိုးအိတ်လွယ်ပြခိုင်းပြီး မေမေနဲ့ အတူ ရယ်ကြပြန်သည်။ဓါတ်ပုံများ တောင်ရိုက်ခဲ့သေးသည်။ကျမကို ရယ်စရာလုပ်နေကြမှန်း သိပေမဲ့ စိတ်လည်းမဆိုး ငိုလည်းမငိုခဲ့မိဘူး။ဘာလို့လည်း မသိပေမဲ့ မိဘတွေနဲ့အတူ စိတ်လက်ပေါ့ပေါ့ပါးပါး လိုက်ရယ်နေခဲ့သည်။သေချာကို နောက်ကို လန်..လန်...ပြလိုက် မေမေတို့ ရယ်တော့ လိုက်ရယ်...ဖွားဖွားဆီကို ကျေးဇူးတင်ကြောင်း ဖုန်းဆက်ပြောတဲ့ထိ ကျမ တောက်လျောက် ရယ်နေခဲ့သည်။
အဲဒီနှစ် ဧပြီမှာပဲ ကျမ မူလတန်းကျောင်းသူ ဖြစ်သွားခဲ့သည်။ကျောပိုးအိတ်က သူ့တက်စီးနေတာလို့ မေမေ ရယ်စရာလုပ်ပြောတာကို ခံရင်း အနီရောင် ကျောပိုးအိတ်ကို လွယ်ပြီး နေ့တိုင်းကျောင်းသွားခဲ့သည်။
အနီရောင် ကျောပိုးအိတ်...ဒါမှမဟုတ်ရင်...ထူးထူးဆန်းဆန်း အနံ့ရှိတဲ့ လေးထောင့်စပ်စပ် လေဟာနယ် အလွတ်တစ်ခုက ကျမအတွက် တံခါးတစ်ချပ်ဖြစ်ခဲ့သည် ထင်၏။ဘာလို့လဲဆိုတော့ အရင်ကလို ကိုယ့်ကိုကိုယ် စိတ်ကုန်တာမျိုး ကျမထပ်မဖြစ်တော့။မင်္ဂလာပါလို့ လာပြောရင် မင်္ဂလာပါလို့ ပြန်ပြောလိုက်ရုံပဲ။ရယ်စရာရှိရင် အသံထွက်ပြီး ရယ်လိုက်ရုံပဲ။ကိုယ်မလုပ်တတ်ရင် တစ်ယောက်ယောက်ကို အကူအညီတောင်းရုံပဲ။အဲဒီကြားထဲကမှ လောကကြီးက ကျမကို ကျောခိုင်းပြရင် ဟောဒီလေဟာနယ် အလွတ်ထဲကို ပိုင်ဆိုင်မှုတွေ အားလုံးထည့်လို့ ထွက်ပြေးရုံပဲပေါ့။
သူငယ်ချင်းတွေရဲ့ မွေးနေ့ပွဲကိုသွား၊ကျမတို့ပဲသိတဲ့ လျှို့ဝှက်ချက်တစ်ခုကို သူငယ်ချင်းတစ်စုနဲ့ အတူတူပိုင်ဆိုင်၊ဆရာမ အဆူအအော်ခံရ...သာမာန် မူလတန်းကျောင်းသူတစ်ယောက်...။ကျောပိုးအိတ်ထဲကို ပိုင်ဆိုင်မှုတွေ အားလုံးထည့်ပြီး ထွက်ပြေးမှာပေါ့လို့ ဆုံးဖြတ်ခဲ့တဲ့ ကိစ္စကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်လာပြီး...တနေ့ပြီး တနေ့ မရိုးနိုင်ပဲ အချိန်တွေသာ ကုန်ဆုံးသွားခဲ့သည်။အရင်တုန်းက အရိပ်လို ကျမနောက် လိုက်လိုက်နေခဲ့တဲ့ စိတ်ကုန်ခြင်းဆိုတဲ့ စကားလုံး...ဘာနဲ့တူသွားလဲဆိုတော့ မိဘမသိအောင် လမ်းတင်လွှတ်ပြစ်ခဲ့တဲ့ အနီရောင် အမှားခြစ်ဗရဗွနဲ့ စာမေးပွဲ အဖြေစာရွက်တစ်ရွက်လိုပဲ...အဓိပ္ပါယ်မရှိသော အရာတခု ဖြစ်သွားတော့သည်။
ကဲ...လူကြီးတွေကရော ဘယ်လောက်များ သိနားလည်ကြပါလိမ့်...။ဘာမဆို နားလည်နေတဲ့ မျက်နှာတွေနဲ့ တကယ့်တကယ်မှာတော့ ဘာဆိုဘာကိုမှ နားလည်မနေပါ။
အခု အချိန်ရောက်မှ ဘာဆိုဘာကိုမှ ကျမ နားမလည်တော့ပါ။အသက်အားဖြင့် ပြောရမယ်ဆိုရင် ၂၇နှစ် လူကြီးလောက်လောက်လားလား တစ်ယောက်ရဲ့ အရွယ်။မူကြိုကျောင်းတုန်းက မြင်ခဲ့တာထက်စာရင် အဆမတန်ကြီးမားတဲ့ လောကကြီးကိုလည်း မြင်ဖူးခဲ့ပြီ။မသိခဲ့တာတွေကိုလည်း တခုပြီးတခု သိခဲ့ နားလည်လာခဲ့ပြီ။
ဥပမာဆိုရင် လူဆိုတာ သေမျိုးပါလား ဆိုတာမျိုး။ကျမ အသက်၁၇နှစ်မှာ ကျောပိုးအိတ် လက်ဆောင်ပေးခဲ့တဲ့ ဖွားဖွားဆုံးသည်။ခု ပစ္စုပ္ပန်မှာ ရှိနေတဲ့ တစုံတယောက် လောကထဲက ပျောက်ကွယ်သွားတယ်ဆိုတာမျိုး အဲဒီအချိန် မတိုင်ခင် အထိ မသိခဲ့ပါ။ဒါပေမဲ့ ဖွားဖွားကတော့ ဘယ်မှာမှ မရှိတော့ဘူး။
ဥပမာဆိုရင် ကိုယ့်ဘယ်လိုမှ အရသာခံစားခွင့် မရှိတဲ့ ချိုမြိန်ခြင်းတခုခု ရှိတယ်ဆိုတာမျိုး။ကျမ အနုပညာဖန်တီးသူ ဖြစ်ချင်ခဲ့သည်။ဆန်းသစ်သော ပန်းချီကားများကို ဖန်တီးသည့် ကမ္ဘာသိ အနုပညာရှင် တစ်ယောက် ဖြစ်ရန် ရည်ရွယ်ခဲ့သည်။သို့သော် ယဉ်ကျေးမှု တက္ကသိုလ် စတက်သည့်နှစ်မှာပဲ ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားရင်တောင် ကျမ အဲလိုမဖြစ်နိုင်ပဲ နားလည်လက်ခံခဲ့ရသည်။ယခု အခြေအနေမှာတော့ ၀န်ထမ်း၅ယောက်သာရှိသော ကုမ္ပဏီတစ်ခု၏ ရိုးရိုးကုပ်ကုပ် ၀န်ထမ်းတစ်ယောက်သာဖြစ်၏။
ဥပမာဆိုရင် ကြည်နူးဝမ်းသာမှုဆိုတာ တမျိုးထဲမက ရှိတယ်ဆိုတာမျိုး။ကျောပိုးအိတ်လွယ်ထားတဲ့ ကလေးပိစိလေး ကျမကို ကြည့်ပြီး ရယ်မောပျော်ရွှင်ခဲ့ကြသော မေမေနဲ့ ဖေဖေ လွန်ခဲ့တဲ့ ၂နှစ်က ကွာရှင်းခဲ့ကြသည်။တစ်ဦးချင်းစီရဲ့ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းသော အနာဂါတ်အတွက် ဆို၏။မိဘတွေရဲ့ ဆုံးဖြတ်ချက်ကို ၀င်ရောက် စွက်ဖက် ကန့်ကွက်တာမျိုး မလုပ်ခဲ့ပါ။သို့သော် ကျောပိုးအိတ် အလေးကြီးကြောင့် နောက်ကို လန်တန်လန်တန် ဖြစ်ဖြစ် နေတဲ့ ကျမကို ဓါတ်ပုံတွေ ရိုက်ခဲ့ကြ...လွတ်လွတ်လပ်လပ် ရယ်မောခဲ့ကြတဲ့ အဲဒီညဟာ ကြည်နူးပျော်ရွှင် ခြင်းလို့ ယုံကြည်နေခဲ့သော ကျမအဖို့တော့ အတော်ကြီးကို shockရစေခဲ့သည်။
ဥပမာဆိုရင် ထိန်းချုပ်ရန် မဖြစ်နိုင်သော အချစ်ဆိုတာမျိုး။အရင်ကတော့ အချစ်ဆိုတာ ထိတွေ့မိရင် အိစက်စက် နူးနူးညက်ညက် ခံစားမှုကို ပေးသောအရာလို့ ထင်နေခဲ့သည်။ဒါပေမဲ့ လောကထဲမှာ ခက်ထန်တဲ့ အရိုင်းဆန်တဲ့ အချစ်ဆိုတာမျိုးလည်း ရှိကြောင်း သိခဲ့ရသည်။ထို အချစ်ကြောင့် ကြည်နူးခြင်း၊ပျော်ရွှင်ခြင်း၊အထီးကျန်ခြင်း၊စိတ်တိုရခြင်းများ တိုးပွား ရှည်ထွက်လာ၏။မောလာပင်ပန်းလာလို့ ဒီပွဲကို ခဏရပ်ပရစေလို့ ပြောမရသလို...ဒီကစားပွဲကနေ ကျမ ထွက်ပရစေတော့လို့ ပြောပြီး ထွက်လို့လည်း မရပြန်ပါ။အဲလို ထူးဆန်းတဲ့ အတိအကျ မသိနိုင်တဲ့ ကိစ္စများကလည်း လောကကြီးထဲမှာ ရှိနေပြန်သည်။အဲဒါအပြင် ဒီလို အချစ်မျိုးဟာလည်း တနေ့မှာ ဆုံးရှုံးရတာပဲ ဆိုတာကိုပါ ကျမ သိခဲ့ရသည်။
မသိခဲ့တဲ့ အရာတွေ တခုပြီးတခုကို ကိုယ်တိုင်ခံစားပြီး နားလည်လာခဲ့သော ကျမ.. အဲဒီအကြောင်းကို လောလောလတ်လတ် ယခု ပစ္စုပ္ပန်မှာသင်ယူနေပါသည်။
ရူးများ သွားမလားမသိလို့ ကိုယ့်ဟာကိုယ် ထင်ရလောက်အောင်ကို ချစ်ခဲ့ရတဲ့သူ ရှိပြီး ကျမရဲ့ အချိန်တွေ၊ခံစားမှုတွေကို တတ်နိုင်သလောက် ပေးဆပ်ခဲ့သော်လည်း ဒါကိုမျက်ကွယ်ပြု မသိချင်ယောင်ဆောင်လို့ တိခနဲ စွန့်ပြစ်ခံလိုက်ရတာမျိုးလည်း ရှိသည်။လွယ်လွယ်နဲ့ အတိုချုံးပြောရမယ်ဆိုရင်တော့ ကျမ လောလောလတ်လတ်မှာ အသည်းကွဲပြီးခါစ ဖြစ်၏။
ဒါမျိုး နာကျင်ရမှုတွေကိုလည်း ကျမ တကယ်ကိုပဲ မသိခဲ့ပါ။ထမင်းသာ စားနေတယ် ဘာအရသာမှ မရှိ။ရုံးအသွား ကိုယ်စီးရမဲ့ ရထား မျက်စိရှေ့တင် တံခါးပိတ်သွားပေမဲ့လည်း ရုံးနောက်ကျတော့မယ်လို့ ကျမ မစဉ်းစားနိုင်ခဲ့ပါ။ကြိုက်တဲ့ TV Series ကို ကြည့်နေပေမဲ့ ဇာတ်လမ်းက တစ်စက်ကလေးမှ ခေါင်းထဲ မ၀င်။သို့သော်...သွားရင်လာရင်း လမ်းမှာကြားရသော အူကြောင်ကြောင် ခေတ်ပေါ်သီချင်းတစ်ပုဒ်ထဲက စာသား တစ်ပိုဒ်ကို ကြားပြီး မျက်ရည်ကျမိပြန်သည်။
ကျမ လေနေတာကို မကြည့်ရက်သော သူငယ်ချင်းများက ညစာအတူစားဖို့ မကြာခဏ လာလာခေါ်ကြသည်။ကာရာအိုကေ သွားပြီး စိတ်ကူးပေါက်ရာ သီချင်းများကိုလည်း အတူအော်ဟစ် သီဆိုပေးခဲ့ကြသည်။သူတို့တွေနဲ့ အတူ သီချင်းဆိုလိုက်၊ရယ်လိုက် ထမင်းတွေ အားရပါးရစားလိုက် အရက်တွေ တစ်ခွက်ပြီး တစ်ခွက်သောက်လိုက် လုပ်ရင်း ကျမကို ပြစ်သွားတဲ့ အဲ့ယောက်ျား မကောင်းကြောင်းတွေ အားရပါးရ ပြောခဲ့ကြသည်။ဒါပေမဲ့ အဲလိုတွေ လုပ်လေ မှောင်မည်းမည်း ဟိုးတွင်းအနက်ကြီးထဲကို ကျသွားသလိုမျိုး ခံစားချက်က ပိုဆိုးလာလေဖြစ်၏။ရယ်မောနေတဲ့ သူငယ်ချင်းများရဲ့ မျက်နှာ၊ကျမကြိုက်တဲ့ အစားအစာတွေပါတဲ့ ပန်းကန်၊ပြောင်လက်နေတဲ့ ၀ိုင်ခွက်...အားလုံး...အားလုံးက တွင်းနှုတ်ခမ်းဝရဲ့ ဟိုးအဝေးအဝေးကြီးမှာ ကျန်နေခဲ့သည်။အသည်းကွဲတယ်ဆိုတာ ဒီလောက်ကြီး ကြောက်စရာကောင်းမှန်းလည်း ကျမ လုံးလုံး မသိခဲ့ပါ။
ဆိုတော့ အသက်သာ ၂၇နှစ်ရှိနေတယ်...ဘာမှ မသိသေးပါလားလို့ ကျမကိုယ်ကျမ သတိထားမိသွားသည်။လူတစ်ယောက် ဆုံးပါးရင် ဘယ်လိုဆိုတာ၊ကြည်နှုးပျော်ရွင်မှုမှာ မတူညီတဲ့ ပုံသဏ္ဍန်တွေ ရှိနေနိုင်တယ် ဆိုတာ၊အချစ်ကနေ ကျမ ဘာတွေရရှိခဲ့တယ် ဆိုတာ၊အသည်းကွဲခြင်းက ကျမဆီကနေ ဘာတွေ လုယူသွားတယ်ဆိုတာ... ဘာဆိုဘာမှ ကျမ မသိတော့ပါ။ထူးဆန်းလိုက်တာနော်။အရင်ကတော့ တော်တော်များများ နားလည်နေခဲ့ပေမဲ့ ခုတော့ တခုပြီးတခုကို ကျမ နားမလည်နိုင်ဖြစ်လာသည်။လူကြီးဖြစ်လာတယ် ရင့်ကျက်လာတယ်ဆိုတာ ဒီလိုမျိုး ဘာကိုမှ နားမလည်နိုင် ဖြစ်လာတာမျိုးများလား...
အဲလိုတွေ စဉ်းစားရင်း တွင်းနက်ကြီးထဲက နေ့စဉ်အချိန်တွေကို ကြိုးစားဖြတ်သန်းနေတုန်း မေမေ့ဆီက ပါဆယ်ပုံးကြီး ၂ပုံးရောက်လာသည်။မေမေ ထုံးစံအတိုင်း ခြံထွက် အသီးအနှံတွေနဲ့ ဆန်တွေပဲနေမှာလို့ ထင်ပြီး ဖွင့်လိုက်ပေမဲ့ မျှော်လင့်မထားသော ပစ္စည်းများကသာ တခုပြီးတခု ထွက်လာသည်။ဓါတ်ပုံအယ်လ်ဘမ် သုံးလေးငါးအုပ်၊စာစီစာကုံးပေါင်းချုပ်စာအုပ်၊ပန်းချီစာအုပ်နဲ့ ကျမ ကိုယ်တိုင်လုပ် ပစ္စည်းလေးများစသည်ဖြင့် မူကြိုကျောင်းနေ အထက်တန်းအထိ ကျမ ရေးခဲ့ ပြုလုပ်ခဲ့သော အမှတ်တရပစ္စည်းများ။
ဘာသဘောတုန်းဟလို့ ဒေါသတောင် နည်းနည်းထွက်သွားသည်။ပစ္စည်းတွေအားလုံး ကုန်အောင်ထုတ်ပြီးတဲ့အခါ စာတစ်စောင်ထွက်လာ၏။ဒုတိယ အိမ်ထောင်ပြုမဲ့အကြောင်း စာထဲမှာ ရေးထားသည်။သမီးရဲ့ အမှတ်တရ ပစ္စည်းလေးတွေကို အိမ်မှာ ရှုပ်လို့ ပို့လိုက်တာ မဟုတ်ပါဘူး။သမီးဆီမှာ သိမ်းထားတာ ကောင်းမယ်လို့ ထင်လို့ ပို့လိုက်တာပါ။မေမေ နောက်အိမ်ထောင်ပြုလိုက်ပေမဲ့ သမီးကိုတော့ အိမ်ကို ၀င်ထွက်သွားလာ ညအိပ်ညနေ ပြန်လာစေချင်တုန်းပါ။ဒါပေမဲ့ သမီးငယ်ဘ၀မှာ ကြီးပြင်းခဲ့တဲ့အိမ်က သမီးထင်မြင်ခဲ့တဲ့ နေရာတော့ ဟုတ်ချင်မှ ဟုတ်တော့မယ်။ပြန်ချင်လိုက်တာလို့ စဉ်းစားမိပေမဲ့ စဉ်းစားမိတဲ့အတိုင်း ပြန်လို့ရတဲ့ နေရာ ဟုတ်ချင်မှ ဟုတ်နိုင်တော့မယ်။ဒါကြောင့် ဒီပစ္စည်းတွေကို သမီးသိမ်ထားတာ ကောင်းတယ်လို့ မေမေ ယူဆတယ်။ပြန်လာချင်တဲ့ အခါ အချိန်မရွေး ပြန်လာခဲ့ပါ သမီးလို့ စာထဲမှာ ရေးထားသည်။စာရဲ့ နောက်ဆုံးမတော့ မေမေ အခု သိပ်ပျော်တာပဲ သမီးရယ်လို့ ကျမ မမေးသော မေးခွန်းရဲ့ အဖြေကိုလည်း ရေးထားပြန်သည်။
ဒီလိုတွေ ပြောနေပေမဲ့ တကယ်ကတော့ ရှုပ်လို့ ပို့လိုက်တာများ...အဲလိုဆိုလည်း အမှန်အတိုင်း ရှုပ်လို့ ပို့လိုက်တယ် ပြောပါလား စသည်ဖြင့် စိတ်ပေါက်ပေါက်တွေးရင်း ဒုတိယမြောက်ပုံးကို ဖွင့်လိုက်တဲ့အခါ ဟောင်းနွမ်းနေသော ကျောပိုးအိတ် တစ်လုံးထွက်လာသည်။အဲဒါကို ထုတ်ပြီး ပုဆစ်တုပ်ထိုင်ရင်း ကျမပေါင်ပေါ် တင်လိုက်သည်။
ဘယ်နဲ့ တအားကို သေးတဲ့ ထည့်စရာ အိတ်လေးပါလား။နည်းနည်းသံချေးတက်နေတဲ့ ခလုပ်ကိုနှိပ်ဖွင့်ပြီး အဖုံးကို ဖွင့်လိုက်သည်။ငယ်ငယ်တုန်းက ဖတ်ခဲ့သော ကာတွန်းစာအုပ်တွေကို စီထည့်ထားတာ တွေ့ရ၏။အဲဒီ စာအုပ်တွေကို ထုတ်ပြီးတဲ့အခါမှာတော့ နည်းနည်း မည်းနေပြီဖြစ်တဲ့ အသားရောင် လေဟာနယ်တစ်ခု ပေါ်လာသည်။နှာခေါင်းထည့်ပြီး ရှုကြည့်တဲ့အခါ သုံးစွဲလို့ဟောင်းနွမ်းနေတဲ့ သားရည်နံ့ကို ရလိုက်သည်။အခုလို လူကြီးစကားလုံးတွေသာ မသိသေးဘူးဆိုရင် အတိတ်ရဲ့ အနံ့လို့ ကျမ ပြောမိမည် ထင်၏။
ရုတ်တရက် စိတ်ကူးရပြီး ကျောပိုးအိတ် အလွတ်ထဲကို ကျမရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ထည့်ဖို့စဉ်းစားမိသည်။အရင်ဆုံး အရေးကြီးတာ ငွေစုစာအုပ်နဲ့ တံဆိပ်တုံး(ဂျပန်တွေက လက်မှတ်အစား registerလုပ်ထားတဲ့ တံဆိပ်တုံး သုံးပါတယ်။)...၊အလှပြင် ပစ္စည်းတွေထည့်ထားတဲ့ အိတ်လေးနဲ့ လဲစရာ အတွင်းခံတစ်စုံ...ကြောင်လိုက်တာလို့ ကိုယ့်ဟာကိုယ် သိနေပေမဲ့ အဲလို ထည့်ရင်းနဲ့ ခုရက်ပိုင်း ကျမကို နှိပ်စက်နေသော စိတ်လေခြင်း အမှောင်တိုက်တွေ တဖြည်းဖြည်း ကွယ်ပျောက်လို့ လင်းလင်းချင်းချင်း ဖြစ်လာသလို ခံစားရသည်။အ၀တ်လဲစရာ တစ်စုံနဲ့ မျက်နှာသုတ်ပ၀ါ၊ ရေမွှေးပုလင်း၊ ဖတ်လက်စ စာအုပ် ၂အုပ်၃အုပ်နဲ့ ကျမစိတ်ကြိုက် သီချင်းတွေ သွင်းထားသော MDနှင့် MD player၊ DVDတချို့...ဘယ်လိုများ ဖြစ်တာတုန်း...ပိုင်ဆိုင်မှုတွေအားလုံး ထည့်ဖို့နေနေသာသာ ညအိပ်တစ်ရက်ခရီးအတွက် လိုတဲ့ ပစ္စည်းတောင် မဆန့်ပါလား။
၆နှစ်တုန်းက ဘယ်လောက်များ လွတ်လပ်ပေါ့ပါးလိုက်သလဲဆို အရုပ်တွေ၊ကျောက်တုံးတွေနဲ့တင် ကမ္ဘာကြီးအဆုံးထိ ထွက်ပြေးမယ်လို့ စိတ်ကူးလို့ ရနိုင်ခဲ့သည်။အထဲကနေ ပစ္စည်းတွေ ထိုးထိုးထောင်ထောင် ထွက်နေတဲ့ စိတ်ပျက်စရာ ကျောပိုးအိတ်ကို ကြည့်ရင်း ကျမ အသံထွက်အောင် ရယ်လိုက်သည်။ရယ်ရင်း ကျောပိုးအိတ်ကို ဇောက်ထိုးသွန်ချလိုက်ပြီး...ခုလေးတင် ထည့်ထားတဲ့ ပစ္စည်းတွေကို ကြမ်းပေါ် ပျံ့ကျဲအောင် လုပ်ပလိုက်သည်။
ဒီအတိုင်းဆိုလိုကတော့ ဘယ်ထွက်ပြေးလို့ ရမလဟ...။တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကျမ တစ်ကိုယ်တည်း စကားပြောလိုက်သည်။ဆုံးရှုံးသွားပြီလို့ ခံစားနေရပေမဲ့ ကျမလက်ထဲမှာ ကျောပိုးအိတ်ထဲကို ထည့်လို့မဆန့်တော့တဲ့ အရာတွေ အများကြီးကို ပိုင်ဆိုင်ထားခဲ့ပြီ။ထွက်ပြေးလို့ မရတော့ဘူး။ နည်းနည်း သည်းခံရုန်းကန်ရမပေါ့...
ကျောပိုးအိတ်ကို လွယ်ကြည့်မယ်လို့ ကြိုးစားကြည့်သော်လည်း ဘယ်လိုမှ လက်လျိုလို့မရတော့ပါ။အဲဒါနဲ့ တခါ ကျမရယ်မိပြန်သည်။တိတ်ဆိတ်အေးချမ်းသော တနင်္ဂနွေ ညနေခင်း တစ်ခုဖြစ်ပါ၏။
.........................................................................................................

Mitsuyo Kakutaရဲ့ Presents ၀တ္ထုတိုပေါင်းချုပ်စာအုပ်မှ Randoseru ကို ဘာသာပြန်ပါသည်။
စာရေးဆရာမက သူ့တစ်သက်မှာ ရခဲ့တဲ့ လက်ဆောင်တွေ အကြောင်းကို ရေးထားတဲ့ ၀တ္ထုတိုလေး ၁၆ပုဒ် ပါပါတယ်။ပထမဆုံးက သူလူ့လောကကို စရောက်ရောက်ခြင်းမှာ မိဘဆီက ရတဲ့လက်ဆောင်ဖြစ်တဲ့ နာမည်နဲ့ ပက်သက်တာလေးကို ရေးထားတာပါ။ဘာသာပြန်ချင်ပေမဲ့ ဂျပန်နာမည်တွေ အကြောင်းပါ ရှင်းမှ ကောင်းမှာမျိုးမို့ နံပါတ်၂ အပုဒ်ဖြစ်တဲ့ ဒါကို ဘာသာပြန်ဖြစ်ပါတယ်။
randoseruဆိုတာ Dutchစကားလုံး ranselကနေ လာပါတယ်။မူလတန်းကလေးတွေလွယ်တဲ့ ကျောပိုးအိတ် တစ်မျိုးပါ

23 August 2009

၃၂နှစ် ရှိပြီဖြစ်တဲ့ Day Tripper




ကျွန်တော်က ၃၂နှစ်ဖြစ်ပြီး သူမက ၁၈နှစ်...အဲလို စဉ်းစားမိသောအခါတိုင်း ဘယ်တော့မဆို စိတ်အပျက်ကြီး ပျက်ရတတ်သည်။
ကျွန်တော်က ၃၂နှစ်ပဲရှိသေးပြီး သူမကတော့ ၁၈နှစ်တောင်...ဒီလိုက မဆိုးဘူး။ဒီလိုပဲကောင်းတယ်။
ကျွန်တော်တို့လား... သူငယ်ချင်းမကျတကျတွေဆိုပါတော့...အဲဒီထက် မပိုသလို အဲဒီထက်လည်း မလျော့သော...။ကျွန်တော်မှာ ဇနီးရှိပြီး သူမမှာလည်း ဘာလိုလို ကောင်လေးတွေက ၆ယောက်တောင်ရှိသည်။တနင်္လာကနေ စနေထိ အဲဒီကောင်လေး၆ယောက်နဲ့ သူမ ချိန်းတွေ့လျောက်လည်လေ့ရှိပြီး တလမှာတစ်ကြိမ်... တနင်္ဂနွေနေ့မှာတော့ ကျွန်တော်နဲ့ တွေ့ဆုံလေ့ရှိသည်။တခြား တနင်္ဂနွေနေ့တွေမှာတော့ အိမ်မှာသာ သူမ တီဗွီ ကြည့်နေလေ့ရှိသည်။ တီဗွီကြည့်နေတဲ့အချိန်ဆိုရင် ဖျံလေးတစ်ကောင်လိုပဲ သူမ သိပ်ချစ်စရာကောင်းသည်။
သူမ မွေးဖွားခဲ့တဲ့ ခုနှစ်က ၁၉၆၃ခုနှစ်ဖြစ်ပြီး အဲဒီနှစ်ပေါ့ သမ္မတကနေဒီ သေနတ်နဲ့ပြစ်သတ် လုပ်ကြံခြင်းခံခဲ့ရတာ။ နောက်ပြီး ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးတစ်ယောက်နဲ့ လျောက်လည်ဖို့ ကျွန်တော်ကြိုးစားခဲ့တာလည်း အဲဒီနှစ်ထဲမှာပဲ။ခေတ်စားခဲ့တဲ့ သီချင်းက Cliff Richardရဲ့ Summer Holidayဖြစ်မလားပဲ...
ဘာပဲဖြစ်ဖြစ် ဒါတွေက သိပ်အရေးမကြီးလှပါဘူး။
အရေးကြီးတာက အဲလို ခရစ်သင်္ကရာဇ်တစ်ခုမှာ သူမ မွေးဖွားခဲ့သည်။
အဲလိုနှစ်တွင်းမှာ လူ့လောကထဲကို ရောက်ခဲ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ ချိန်းချက်တွေ့ဆုံရလိမ့်မယ်လို့ အဲဒီ အချိန်တုန်းကတော့ ယောင်လို့တောင် မစဉ်းစားမိခဲ့ပါ။အခုထိလည်း တမျိုးကြီး ထူးဆန်းတာလိုလို ဖြစ်တုန်းပင်။လရဲ့ အနောက်ဘက်ခြမ်းမှာ ဆေးလိပ်ဖွာနေရသလို...အဲလိုစိတ်ခံစားမှု...

ကောင်မလေး ခပ်ငယ်ငယ်တွေများ ငြီးငွေ့ပျင်းစရာပါ...ဆိုတာက ကျွန်တော်တို့ သူငယ်ချင်းတစ်စု လက်ခံထားသော နားလည်မှုတစ်ခုဖြစ်သည်။ဒါပေမဲ့ ဒီကောင်တွေလည်း ကောင်မလေးတွေနဲ့ ခဏခဏ ချိန်းချက်တွေ့ဆုံတတ်ကြသည်။ဒါဖြင့် ပျင်းစရာမကောင်းတဲ့ ကောင်မလေးတွေကို ဒီလူတွေ ရှာဖွေဖော်ထုတ်နိုင်သွားလို့လား...။မဟုတ်ပါ...အဲလိုလည်း မဟုတ်ပြန်။တကယ်တော့ ကောင်မလေးတွေရဲ့ ပျင်းရိငြီးငွေ့စရာကောင်းခြင်းက သူတို့ကို စွဲဆောင်နေခြင်း ဖြစ်သည်။ကိုယ်တိုင်ကတော့ ပျင်းရိခြင်းမည်သော ရေများကို ရေပုံးနဲ့အပြည့် ခေါင်းကလောင်းချနေရင်း...တဖက် ကောင်မလေးကိုတော့ ရေတစက်ကလေးမှ မစင်အောင် ပြုလုပ်ခြင်းဆိုတဲ့ ခပ်ရှုပ်ရှုပ်ဂိမ်းတစ်ခုကို သူတို့ ပျော်ရွှင်နှစ်ခြိုက်နေခြင်းသာ ဖြစ်သည်။
အနည်းဆုံးတော့ ကျွန်တော် အဲလို ထင်မြင်ယူဆသည်။

တကယ်လက်တွေ့မှာလည်း ငယ်ရွယ်သော ကောင်မလေး၁၀ယောက်မှာ၉ယောက်အထိကတော့ ပျင်းစရာကောင်းသော အရာများဖြစ်၏။ဒါပေမဲ့...အဲဒါကို သူမတို့ သတိမူမိခြင်း မရှိဆိုတာကိုလည်း ကျွန်တော် အသေအချာကို ပြောနိုင်သည်။ကောင်မလေးဆိုတာ ငယ်ရွယ်ပျိုမြစ်...လှပတင့်တယ်...နောက်ပြီး ဖျတ်လတ်တက်ကြွခြင်းများ အပြည့်နဲ့ဖြစ်သည်။ပျင်းရိငြီးငွေ့စရာကောင်းခြင်းဆိုသည်မှာ မိမိတို့နဲ့ လုံးလုံးမပက်သက်သော အရှိတရားတစ်ခုလို့သာ သူမတို့ သတ်မှတ်စဉ်းစား၏။
အဲဒါ....အဲလိုမျိုးပေါ့...

ကောင်မလေးများကို အပြစ်တင်ဝေဖန်နေခြင်း လုံးဝမဟုတ်သလို မုန်းတီးစက်ဆုပ်နေခြင်းလည်း မဟုတ်ပါ။ဆိုတာထက် ကောင်မလေးတွေကို ကျွန်တော် နှစ်ခြိုက်လိုလားသည်။ကျွန်တော်၏ ပျင်းရိငြီးငွေ့စရာကောင်းခဲ့သော လူငယ်ဘ၀ အချိန်များကို သူမတို့က ပြန်ပြောင်းအောင့်မေ့စေသည်။ဒါက ဘယ်လိုပြောရမလဲ...တော်တော်ကို ၀မ်းသာကြည်နူးစရာ ကိစ္စတစ်ခုဖြစ်သည်။

"နောက်တခါ ၁၈နှစ်အရွယ် ပြန်ဖြစ်ချင်လိုက်တာလို့ စဉ်းစားဖူးလားဟင်"
"ဟင့်အင်း..."လို့ ကျွန်တော် ဖြေလိုက်သည်။
"ပြန်ဖြစ်ချင်တယ်ရယ်လို့များ မရှိပါဘူး"
ကျွန်တော့် အဖြေကို သူမ သေချာ နားမလည်နိုင်ဘူး ထင်ရသည်။
"ပြန်မဖြစ်ချင်ဘူးဆိုတာ...အဟုတ်နော်"
"သေချာတာပေါ့"
"ဘာဖြစ်လို့..."
"အခုအတိုင်း အဆင်ပြေနေလို့ပေါ့..."
စားပွဲပေါ်လက်တင် မေးထောက်ရင်း သူမက အလေးအနက် စဉ်းစား...အဲလို စဉ်းစားနေရင်း ကော်ဖီခွက်ထဲကိုလည်း ဇွန်းနဲ့ ခလောက်လိုက် မွှေလိုက်နဲ့ အလုပ်များနေပြန်သည်။
"မယုံပေါင်"
"ယုံသင့်တဲ့ အမှန်တရားရယ်"
"ဒါပေမဲ့...ပျိုမြစ်ခြင်းဆိုတာက ပိုနှစ်ခြိုက်မက်မောစရာကောင်းတာ မဟုတ်ဘူးလား"
"ဟုတ်မယ် ထင်တာပဲ"
"ဒါဖြင့် ဘာလို့ အခုအတိုင်းက ကောင်းရတာလဲ"
"တစ်ကြိမ်တည်းနဲ့တင် လုံလောက်သွားလို့ပေါ့"
"ကျမကတော့ မလုံလောက်နိုင်သေးပေါင်"
"ဒါပေါ့ မင်းက ခုမှ ၁၈နှစ်ပဲ ရှိသေးတာကိုး"
"ဟင်...အဲလိုလား"
စားပွဲထိုးကို လှမ်းခေါ်ပြီး နှစ်ပုလင်းမြောက် ဘီယာ မှာလိုက်သည်။အပြင်မှာတော့ မိုးရွာနေပြီး ယိုကိုဟားမား ဆိပ်ကမ်းကို ပြတင်းပေါက်ကတဆင့် မြင်နေရသည်။
"၁၈နှစ်လောက်တုန်းက ဘာတွေများ စဉ်းစားနေခဲ့လဲဟင်..."
"ကောင်မလေးတွေနဲ့ အိပ်ဖို့ ကိစ္စ"
"နောက်ပြီးတော့ကော"
"အဲဒါပဲ"
သူမက တခစ်ခစ်နဲ့ရယ်ပြီး ကော်ဖီတငုံသောက်လေသည်။
"အဲဒါနဲ့... အဆင်ပြေခဲ့တာချည်းပဲလား"
"အဆင်ပြေခဲ့တာတွေလည်း ရှိသလို အဆင်မပြေတာတွေလည်း ရှိတာပေါ့...အဆင်မပြေခဲ့တဲ့ အခေါက်တွေက များမယ်ဆိုတာတော့ ပြောစရာ မလိုတော့ဘူးမလား"
"ကောင်မလေး ဘယ်နှစ်ယောက်လောက်နဲ့ အိပ်ခဲ့ဖူးလဲ"
"ရေမထားပါဘူးကွာ"
"တကယ်..."
"ရေမထားချင်ပါဘူး"
"ကျမသာ ယောက်ျားလေးဆိုလို့ကတော့ ရေထားမှာပဲ။ပျော်စရာကြီးနေမှာ..."

နောက်တကြိမ် ၁၈နှစ်ပြန်ဖြစ်လည်း မဆိုးပါဘူးလို့ တွေးမိနိုင်စေသော အခါလည်း မရှိမဟုတ်...ရှိသည်။ဒါပေမဲ့ ... ၁၈နှစ် ပြန်ဖြစ်သွားပြီးနောက် ဘာလုပ်ရပါ့လို့ ဦးဆုံးစဉ်းစား မိတဲ့အခါ ကျွန်တော်ဖြင့် ဘာမှ စဉ်းစားလို့ မရဘူး။
စွဲမက်စရာ ၃၂နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ၁၈နှစ်ပြန်ဖြစ်သွားတဲ့ ကျွန်တော်က ချိန်းချက်တွေ့ဆုံ လျောက်လည်တာမျိုး ဖြစ်လာနိုင်မလား မပြောတတ်။အဲလိုဆိုရင်တော့ဖြင့် မဆိုးဘူးပဲ။
"နောက်တစ်ကြိမ် ၁၈နှစ်အရွယ် ပြန်ဖြစ်ချင်တယ်လို့ တွေးမိတတ်လား"လို့ သူမကို ကျွန်တော် မေးကြည့်မယ်။
"တမျိုးပါလား.."လို့ သူမက တိုးဖွဖွရယ်ရင်း ခဏစဉ်းစားသယောင်ပြုသည်။
"မရှိပါဘူး...အင်း...ဖြစ်နိုင်တာ...ထင်တာပေါ့နော်"
"တကယ်ကြီး"
"တကယ်ပေါ့"
"နားမလည်နိုင်ပေါင်ဗျာ"လို့ ကျွန်တော်က ပြောမည်ထင်သည်။နောက်ပြီး
"ပျိုမြစ်ခြင်းဆိုတာ နှစ်သက်မက်မောစရာလို့ အားလုံးကဖြင့် ပြောကြတာပဲ"
"ဒါပေါ့...နှစ်ခြိုက်စရာတစ်ခုပေါ့"
"ဒါဖြင့်...ဘာလို့ ၁၈နှစ်ပြန်မဖြစ်ချင်ရတာလဲ"
"မင်းလည်း အသက်ရလာတဲ့အခါ နားလည်လာလိမ့်မယ်ကွယ်"

ပစ္စုပ္ပန်မှာတော့ ကျနော်က ၃၂နှစ်အသက်အရွယ်ရောက်နေပြီး တပတ်လောက်များ မနက်တိုင် ပြေးဖို့ ပျင်းလိုက်ရင် ဗိုက်ရွှဲနေတာက သိသာနေစေသည်က အခြေအနေမှန်ဖြစ်သည်။၁၈နှစ်အရွယ် ပြန်မဖြစ်နိုင်တော့။ဒါ ဖြစ်ရိုးဖြစ်စဉ်နဲ့ အမှန်တရား။
မနက်တိုင် ပြေးရာက ပြန်လာရင် အသီးအရွက်တွေကို blendလုပ်ထားတဲ့ ဖျော်ရည်တစ်ဗူးသောက်...ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး Beatlesရဲ့ Day Tripperသီချင်းကို ဖွင့်ထားလိုက်တယ်။
"dayyyyyyyyy Triper"

အဲဒီသီချင်းနားထောင်လိုက်ရင် ရထားဆိုဖာထိုင်ခုံပေါ် ထိုင်နေရသလို ခံစားရတတ်သည်။ဓါတ်တိုင်တွေ... ဘူတာငယ်တွေ...မြေအောင်လှိုင်ခေါင်းတွေ...သံတံတားတွေ...နွားတွေ...မြင်းတွေ...မီးခိုးမှိုင်းအပြည့်နဲ့ ကောင်းကင်....စတာ...စတာတွေက အနောက်မှာ တဖြည်းဖြည်း ကျန်နေခဲ့သည်။ဘယ်ကို ဘယ်လောက်ထိ သွားသွား တအားကြီး ပြောင်းလဲသွားခြင်းမျိုး မရှိသည့် ရှုခင်းများ...။အရင်တုန်းကတော့ တော်တော်ကို နှစ်သက်စရာ မက်မောစရာ ရှုခင်းတွေလို့ ထင်ခဲ့တဲ့ ရှုခင်းတွေပေမဲ့လို့...။
ဘေးထိုင်ခုံက ခရီးသွားဖော်ကသာ အချိန်ကိုလိုက်လို့ ပြောင်း၏။အဲဒီတုန်းက ကျွန်တော့ဘေးမှာ ထိုင်ခဲ့တာက ၁၈နှစ်အရွယ် ကောင်မလေးတစ်ယောက် ဖြစ်ခဲ့သည်။ကျွန်တော်က ပြတင်းပေါက်ဘက်...သူမကတော့ လူသွားလမ်းဘက်မှာ ထိုင်လို့...
"နေရာချင်း လဲပေးမယ်လေ" လို့ ကျွန်တော်ပြောတော့
"ကျေးဇူးပါရှင်"လို့ သူမက ပြောပြီး...
"ကူညီကြင်နာတတ်တယ်နော်"
ကြင်နာတတ်တာ မဟုတ်ဘူးလို့ စိတ်ထဲမှာပြောရင်း ကျွန်တော် နှုတ်ခမ်းကွေးရုံ ပြုံး၏။မင်းထက်စာရင် ပျင်းရိငြီးငွေ့မှုနဲ့ အသားကျနေရုံသက်သက်ပါ။

ဓါတ်တိုင်တွေကို လိုက်ရေတွက်ဖို့ကို ငြီးငွေ့နေပြီဖြစ်တဲ့...၃၂နှစ်ရှိပြီဖြစ်တဲ့ Day Tripper

.............................................................................................................................
Murakami Haruki၏ 32sai no day tripperကို ဘာသာပြန်ပါသည်။
ဒီနှစ်ထဲမှာ ၃၂နှစ်ပြည့်မဲ့ ကျနော်လည်း ၁၈နှစ်ပြန်ဖြစ်မယ်ဆိုရင် ဘာများ လုပ်ရပါ့လို့ စဉ်းစားမရပါ။